လက်ရှိမှာ ပရိသတ်တွေရဲ့ မုန်းတီးမှုကိုရရှိထားတဲ့ “ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်” မင်းသား

Posted on

tvN ရုပ်သံလိုင်းကနေ လက်ရှိထုတ်လွှင့်ပြသလျှက်ရှိတဲ့ “Crash Landing On You” ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေအများစုဟာ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခြင်းကို ရရှိထားကြတာမှန်ပေမယ့်လည်း အဲဒီသရုပ်ဆောင်တွေထဲက တစ်ယောက်ကတော့ ပရိသတ်တွေရဲ့ အမုန်းကြီးမုန်းတီးမှုကို ရရှိထားတဲ့သူ ဖြစ်ပါတယ်။အဲဒီသူကတော့ “ချိုချွဲဂန်း” ဆိုတဲ့ ဗီလိန်ဇာတ်ကောင်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား Oh Man Seok ဖြစ်ပြီး သူ့ရဲ့ သဘာဝကျကျနဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေရဲ့စိတ်ကို မခံချိမခံသာဖြစ်စေကာ မုန်းတီးမှုတွေဖြစ်ပေါ်စေတာကြောင့် လက်ရှိအချိန်မှာ ပရိသတ်တွေအနေနဲ့ အမုန်းဆုံးဗီလိန်ဇာတ်ကောင်ကို ပြောပါဆိုရင် သူ့ကိုပဲ ရွေးချယ်မိကြမှာ အမှန်ပါပဲ။သူဟာ ဒီဇာတ်လမ်းတွဲမှာ ဗီလိန်ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ပြီး လက်ရှိမှာပရိသတ်တွေရဲ့အာရုံစိုက်စိတ်ဝင်စားမှုကို ရရှိထားတယ်ဆိုပေမယ့်လည်း ကိုရီးယားဒရမ်မာတွေကို ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ်ပတ်ဝန်းကျင်လောက်ကတည်းက ကြိုက်နှစ်သက်လာခဲ့ကြတဲ့ ပရိသတ်တွေကတော့ သူ့ကို အရင်ကတည်းက ကောင်းကောင်းကြီး သိခဲ့ကြ၊ ရင်းနှီးခဲ့ကြမှာပါ။ဟုတ်ပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ပတ်ဝန်းကျင်လောက်တုန်းက မြဝတီရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်” ဇာတ်လမ်းတွဲထဲမှာ စပျစ်ခြံပိုင်ရှင် ဂျန်ထက်ဂီဆိုတဲ့ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူပါပဲ။ ဆိုးလ်မြို့သူ ဒီဇိုင်နာမလေးနဲ့ နယ်မြို့လေးတစ်မြို့က စပျစ်ခြံပိုင်ရှင် လူရိုးကြီးတို့ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၀၆ ခုနှစ်တုန်းကရိုက်ကူးခဲ့တာဖြစ်ပြီး လူငယ်ပရိသတ်တွေသာမက လူကြီးပရိသတ်တွေပါ ကြိုက်နှစ်သက်အားပေးမှုကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။အဆိုပါဇာတ်လမ်းတွဲထဲမှာ Oh Man Seok နဲ့အတူတွဲဖက်သရုပ်ဆောင်ထားသူကတော့ မင်းသမီး Yoon Eun Hye ဖြစ်ပြီး ၂ ယောက်လုံးဟာလည်း ဒီစီးရီးနဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် Oh Man Seok ရဲ့ အသက်ဟာ ၃၂ နှစ်အရွယ်သာရှိသေးတာဖြစ်ပြီး ဒီနေ့အချိန်မှာတော့ ၄၅ နှစ်အရွယ်ကို ရောက်ရှိလို့နေပါပြီ။Oh Man Seok ကို မြန်မာပရိသတ်တွေအနေနဲ့ သရုပ်ဆောင်မင်းသားအဖြစ်နဲ့ ပိုပြီးလူသိများတယ်ဆိုပေမယ့်လည်း တကယ်တမ်းမှာတော့ သူဟာ သရုပ်ဆောင်အဖြစ်နဲ့သာမက ပြဇာတ်ဒါရိုက်တာအဖြစ်နဲ့လည်း အောင်မြင်စွာလှုပ်ရှားခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော်အဖြစ်နဲ့လည်း တေးသီချင်းတွေကို သီဆိုထုတ်လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ပဲ အပြင်လက်တွေ့ဘဝက Oh Man Seok ရဲ့အိမ်ထောင်ရေးနဲ့ အချစ်ရေးကတော့ သိပ်ပြီးတော့ ကံအကောင်းကြီးမဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်မှာ ကျောင်းနေဘက်သူငယ်ချင်းချစ်သူနဲ့ လက်ထပ်ခဲ့ပြီး သမီးလေးတစ်ယောက်ထွန်းကားခဲ့ပေမယ့်လည်း ၂၀၀၇ ခုနှစ်မှာတော့ တရားဝင်ကွာရှင်းခဲ့ကြပါတယ်။ ဇနီးဟောင်းနဲ့ ကွာရှင်းပြီးနောက်မှာတော့ သူနဲ့အတူ Jolly Widows ဇာတ်ကားထဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Jo An နဲ့ ဒိတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒိတ်ပြီး ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာတော့ လမ်းခွဲပြတ်စဲခဲ့ကြတယ်လို့ သိရပါတယ်။တစ်ချိန်တုန်းက စပျစ်ခြံပိုင်ရှင် လူပျိုကြီး ဂျန်ထက်ဂီကို “Crash Landing On You” မှာ စတင်မြင်မြင်ချင်း မှတ်မိကြတဲ့ ပရိသတ်တွေများ ရှိကြရဲ့လားဗျို့။

မိုမိုလေး