ယုန်လေးနဲ့ အတူ ဖြေရှင်းပေးဖို့ ရုပ်ရှင် အစည်းအရုံးကို လာခဲ့တဲ့ အကယ်ဒမီ”မြင့်မြတ်” ရဲ့ပုံရိပ်တွေ

Posted on

ယုန်လေးနဲ့ အတူ ဖြေရှင်းပေးဖို့ ရုပ်ရှင် အစည်းအရုံးကို လာခဲ့တဲ့ အကယ်ဒမီ”မြင့်မြတ်” ရဲ့ပုံရိပ်တွေphoto credit sunday journal

သတိထားရမယ့် မိတ်ဆွေအတုယောင် (၇)မျိုး

ကျွန်တော်တို့အားလုံးမှာ သူငယ်ချင်းမိတ်ဆွေလို့ ခေါ်လို့ရတဲ့သူတွေ အများကြီးရှိတတ်ကြပါတယ်။ ဒီလို မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ ကျွန်တော်တို့အတွက် အကျိုးဖြစ်စေနိုင်တဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေ ရှိသလို အကျိုးမျှော်ပေါင်းသင်းပြီး အခွင့်အရေးရတာနဲ့ ခြေထိုးခံဖို့ ကြိုးစားနေတဲ့ မိတ်ဆွေအတုအယောင်တွေလည်း ရှိနိုင်ပါတယ်။ ဒီလိုလူအမျိုးမျိုးနဲ့ မိတ်ဆွေဖြစ်တဲ့အခါ သူတို့ကို ယုံကြည်ထားမယ်၊ သူတို့နဲ့အချိန်ဖြုန်းမယ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြုံရတဲ့အခါကျမှ သူတို့ရဲ့သဘာဝအမှန်တွေကို တွေ့ရနိုင်တာဖြစ်ပါတယ်။ မိတ်ဆွေအတုအယောင်တွေကို ခွဲခြားဖို့က ခက်ခဲပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အခုဖော်ပြမယ့်လူမျိုးတွေကတော့ မိတ်ဆွေတုဖြစ်ဖို့ အလားအလာများတာကြောင့် သတိနဲ့ပေါင်းသင်းဆက်ဆံဖို့ လိုပါတယ်။၁။ မြှောက်ပင့်ချီးကျူးသူ

ချီးကျူးခံရတာကို သဘောကျတာက လူတွေရဲ့သဘာဝဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ကို ချီးကျူးစကား ပြောလေ့ရှိသူကိုလည်း သဘောကျတတ်ကြပါတယ်။ ဒီအချက်ကို သူတို့လည်း သိထားတာကြောင့် မြှောက်ပင့်ပြောတတ်သူမျိုးတွေကို သတိထားပါ။ အမြှောက်သမားတွေဟာ ချီးကျူးစကား၊ အမြှောက်အပင့်စကားတွေနဲ့ အရင်ဆုံးနီးစပ်အောင် ကြိုးစားလေ့ရှိပါတယ်။ စဉ်းစားရမှာက သူတို့ဘာဖြစ်လို့ သင့်နားကို ချဉ်းကပ်လာရတာလဲဆိုတာပါပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ။ သူတို့က တကယ်ကို ယုံကြည်မှုရှိပြီး ကြင်နာတတ်တဲ့လူမျိုးလား။ ဒါမှမဟုတ် သင့်ဆီက တစ်ခုခုလိုချင်လို့လားဆိုတာကို စဉ်းစားပါ။ ဆန့်ကျင်ဘက်လိင်ဖြစ်ခဲ့မယ်ဆိုရင် ပိုသတိထားသင့်ပါတယ်။ ကံကောင်းတာက အမြှောက်သမားတွေက သိရှိဖို့ လွယ်ပါတယ်။ သူတို့ရဲ့ အလွန်အကျွံခင်မင်ရင်းနှီးသလိုလုပ်ပြနေတာကလည်း အတုယောင်မှန်းသိသာပါတယ်။၂။ ကြိုးကိုင်ချယ်လှယ်သူ

ကြိုးကိုင်ချယ်လှယ်သူတွေက သိရှိနိုင်ဖို့ ခက်ခဲတာကြောင့် အန္တရာယ်အများဆုံး မိတ်ဆွေတုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက ကျွန်တော်တို့ရဲ့ အသိအမှတ်ပြုမှုနဲ့ ယုံကြည်မှုကို ရပြီဆိုတာနဲ့ သူတို့စိတ်တိုင်းကျ ကြိုးကိုင်ချယ်လှယ်ဖို့ ဝန်မလေးကြပါဘူး။ မိတ်ဆွေစစ်တွေ၊ သူငယ်ချင်းကောင်းတွေက ဘယ်တော့မဆို သင့်စိတ်ကူးနဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားတတ်ကြပါတယ်။ ကြိုးကိုင်ချယ်လှယ်သူတွေကတော့ သူတို့လိုချင်တာရဖို့အတွက် သင့်ကို နယ်ရုပ်တစ်ခုလိုသဘောထားပြီး အသုံးချသွားမှာဖြစ်ပါတယ်။ သူတို့လိုချင်တာရပြီးသွားပြီဆိုရင် သင့်နားမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်မထားပါနဲ့။၃။ လူမှုရေးအမြတ်ထုတ်သူ

လူမှုရေးအမြတ်ထုတ်သူတွေကတော့ သူငယ်ချင်းမိတ်ဆွေတွေကို သူတို့ကို ပိုပြီးကြည့်ကောင်းစေမယ့် တန်ဖိုးကြီးအဝတ်အစား ဒါမှမဟုတ် ပစ္စည်းတစ်ခုလို သဘောထားတတ်သူတွေဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံနေသူတွေကို အတွင်းစိတ်ကနေ တချိန်လုံးအကဲဖြတ်နေတတ်ပါတယ်။ သူတို့အတွက် ဂုဏ်မတက်စေနိုင်လောက်ဘူးလို့ ထင်တဲ့အခါမျိုးမှာ ဆက်ပြီးအပေါင်းအသင်းမလုပ်တော့ဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ ကြိုးကိုင်ချယ်လှယ်သူတွေလိုပါပဲ။ သူတို့နဲ့ လိုက်ဖက်မယ်လို့ ထင်ရင်သာ ပေါင်းသင်းတတ်ပြီး သင့်ရဲ့စိတ်ကူးနဲ့ ခံစားချက်ကို သိပ်ထည့်စဉ်းစားတတ်သူတွေ မဟုတ်ပါဘူး။၄။ ပုံတူကူးချသူ

ပုံတူကူးချသူတွေကတော့ သူငယ်ချင်းမိတ်ဆွေလို့တောင် ပြောလို့မရပါဘူး။ သူတို့က သင့်ပရိသတ်ဖြစ်ပါတယ်။ အမြှောက်သမား၊ ကြိုးကိုင်ချယ်လှယ်သူနဲ့ လူမှုရေးအမြတ်ထုတ်သူတွေက သူတို့အကျိုးအတွက် သင့်ကိုအသုံးချပေမယ့် ပုံတူးကူးချသူကတော့ သင်နဲ့တူနိုင်သမျှ တူနိုင်ဖို့အတွက် သူတို့ရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်အားလုံးကို စွန့်ပယ်တတ်ပါတယ်။ ဒီလိုလိုက်တုပတာရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာလဲ သူတို့သေချာမသိပါဘူး။ သင်နဲ့ တူညီတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး လိုချင်တာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းတွေနဲ့ဆိုရင် အချင်းချင်း စိန်ခေါ်မှုတွေ၊ တစ်ယောက်အကြောင်းတစ်ယောက် နားလည်မှု၊ လေ့လာမှုတွေနဲ့ တိုးတက်နိုင်ချေရှိပေမယ့် ပုံတူးကူးချတဲ့ နောက်လိုက်သမားနဲ့ဆိုရင်တော့ မှန်ထဲက ပုံရိပ်နဲ့ ဆက်ဆံနေသလိုပဲ ဖြစ်နေမှာပါ။၅။ လိုတစ်မျိုး မလိုတစ်မျိုး ပြုကျင့်တတ်သူ

ဒီလို လူမျိုးတွေကတော့ သူတို့အတွက် အဆင်ပြေနေချိန်မှာဆိုရင် သင့်ရဲ့မိတ်ဆွေကောင်းတစ်ယောက်လို့ ပြုမူတတ်ကြသူတွေဖြစ်ပါတယ်။ သူတို့က ခင်စရာကောင်းပြီး သူတို့နဲ့အတူရှိနေရတာလည်း ပျော်ဖို့ကောင်းပါလိမ့်မယ်။ ဒါပေမယ့် သစ္စာရှိသူတွေတော့ မဟုတ်ပါဘူး။ သူတို့ဟာ သင့်ရဲ့မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်တတ်သလို သူတို့အတွက် မကောင်းတာတစ်ခုခု သက်ရောက်မှုရှိလာနိုင်တယ်ဆိုရင် သင့်မိတ်ဆွေတစ်ယောက်မဟုတ်သလို ပြုမူကျင့်ကြံတတ်ကြပါတယ်။ အခြားသော မိတ်ဆွေအတုယောင်တွေလိုပါပဲ သူတို့ဟာလည်း သင့်အတွက်ထည့်စဉ်းစားတတ်သူတွေ မဟုတ်ပါဘူး။ စစ်မှန်တဲ့မိတ်ဆွေတွေက သင့်အနားမှာ ဘယ်လိုအချိန်မျိုးမဆို ရှိနေမှာဖြစ်ပေမယ့် လိုတစ်မျိုး မလိုတစ်မျိုးသမားတွေကတော့ အခက်အခဲနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတတ်ပါတယ်။၆။ သစ္စာဖောက်

အခြား မိတ်ဆွေတုတွေနဲ့ မတူတာက ဒီလူမျိုးတွေက သင့်ရဲ့ မိတ်ဆွေစစ်ဖြစ်ဖူးနိုင်တာပဲ ဖြစ်ပါတယ်။ သင်တို့ နှစ်ဦးကြားမှာ အပြန်အလှန်အရေးပါမှု၊ ယုံကြည်မှုတွေ ရှိနေနိုင်ပါတယ်။ သူတို့ဖက်က ရုတ်တရက်ပြောင်းလဲ သွားတဲ့အချိန်ထိတောင်မှ သင်ကတော့ မိတ်ဆွေရင်းတွေအဖြစ် ယုံကြည်နေနိုင်ပါသေးတယ်။ သစ္စာဖောက်မိတ်ဆွေတွေက သင်နဲ့ သင့်ယုံကြည်မှုကို သစ္စာဖောက်ဖို့အတွက် လျို့ဝှက်စွာကြံစည်နေချိန်မှာ သင့်အတွက် အကောင်းဆုံးမိတ်ဆွေအဖြစ် ပြုမူနေထိုင်တတ်ကြပါတယ်။ များသောအားဖြင့်တော့ သင့်ချစ်သူနဲ့ ဖောက်ပြန်တာမျိုး ဖြစ်တတ်ပါတယ်။ စိတ်မကောင်းစရာကောင်းတာက ဒီလို သစ္စာဖောက်တွေကို နောက်ကျောဓားနဲ့ထိုးခံလိုက်ရပြီးမှ သိနိုင်တာပဲ ဖြစ်ပါတယ်။၇။ ပြိုင်ဘက်

သူငယ်ချင်းမိတ်ဆွေတွေထဲမှာ ပြိုင်ဘက်တွေကိုလည်း မိတ်ဆွေတုစာရင်းထဲ ထည့်လို့ရပါတယ်။ သင်က တစ်ခုခုပြောလိုက်တာနဲ့ အခြားကိစ္စတစ်ခုခုကို လိုက်ပြောပြီး သူှ့ဆီကို အာရုံစိုက်မိအောင် လုပ်တတ်တဲ့ သူငယ်ချင်းမျိုး ရှိပါသလား။ ဒီလို သူငယ်ချင်းမျိုးက ပြိုင်ဘက်အမျိုးအစားဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ မိတ်ဆွေအတုယောင်တွေကို မိတ်ဆွေသူငယ်ချင်းအဖြစ် ဆက်လက်ရှိနေစေချင်သေးတယ်ဆိုရင် သင့်မှာ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ သူတို့အကြောင်းကို သိထားပြီး ကိုယ်ပေါင်းစိတ်ခွာ အသိမိတ်ဆွေအဆင့်ပဲ ထားပါ။ ဒါမှမဟုတ်ရင်လည်း မိတ်ဆွေအဖြစ်ကနေ ရပ်စဲလိုက်ပါ။ နောက်တစ်ခု သတိပြုရမှာက မိတ်ဆွေအပေါင်းအသင်းဆိုတာ ပြတ်ကြစဲကြတဲ့ သဘောသဘာဝရှိပါတယ်။ အချစ်ဆုံးသူငယ်ချင်းတွေဆိုပေမယ့်လည်း တစ်နေ့နေ့မှာ မခေါ်နိုင်မပြောနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်…

Credit:Gentleman Magazine