မှားနေတာမပြောရဲရင် သစ္စာမဲ့သူ၊ သူရဲဘောကြောင်သူလို့ သတ်မှတ်ခံရမှာစိုးတဲ့အတွက် ထောက်ပြနေခြင်းဟု USDP ဒု-ဥက္ကဌဆို

Posted on

မှားနေတာမပြောရဲရင် သစ္စာမဲ့သူ၊ သူရဲဘောကြောင်သူလို့ သတ်မှတ်ခံရမှာစိုးတဲ့အတွက် ထောက်ပြနေခြင်းဟု USDP ဒု-ဥက္ကဌဆို

ပြည်ခိုင်ဖြိုးပါတီရဲ့ထပ်တလဲလဲတင်ပြချက်တွေကို ကန့်လန့်တိုက်နေတယ်၊ ရလဒ်ကိုလက်မခံနိုင်တဲ့သူတွေလို့ မယူဆစေချင်ကြောင်းလည်းဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့မှားယွင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ မဲစာရင်းရလဒ်အမှားတွေကို အမှန်လို့ပြောနေမယ်ဆိုရင် မှားယွင်းနေတာကိုမှားယွင်းနေတယ်လို့မပြောရဲရင် ဖုံးကွယ်လိမ်ညာသူရဲဘောကြောင်သူလို့ပြောရမှာဖြစ်ပြီး မှားတာကိုမှန်တယ်လို့ပြောတယ်ဆိုရင် သစ္စာမဲ့သူလို့သတ်မှတ်ခံရမှာစိုးတဲ့အတွက် အမှားတွေကိုထောက်ပြနေရခြင်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဒု-ဥက္ကဌ ဦးခင်ရီကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနဲ့မိတ်ဆွေပါတီများပူးပေါင်းကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။ ဦးခင်ရီက ရွေးကောက်ပွဲမတရားမှုတွေနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ထပ်တလဲလဲတင်ပြချက်တွေကို ကန့်လန့်တိုက်နေတယ်၊ ရလဒ်ကိုလက်မခံနိုင်တဲ့သူတွေလို့ မယူဆစေချင်ကြောင်းလည်းဆိုခဲ့ပါတယ်။“ကျွန်တော်တို့တွေဘာဆက်လုပ်ရမလဲ၊ မှားယွင်းနေတာကိုမှားယွင်းတယ်လို့ မပြောရဲရင် ဖုံးကွယ်လိမ်ညာသူရဲဘောကြောင်သူလို့ပြောရမှာဖြစ်ပြီး သစ္စာမဲ့သူလို့သတ်မှတ်ခံရမှာဖြစ်လို့ မှားနေတာကို အခုလိုထောက်ပြရခြင်းဖြစ်ပါတယ်။”လို့ ဦးခင်ရီကပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲလိုဝေဖန်မှုမျိုးကို ၂၀၁၅ရွေးကောက်ပွဲကာလမှာလည်းကြုံတွေ့ခဲ့ရပေမယ့် ထိုစဉ်ကရွေးကောက်ပွဲကော်မရှင်ကအကောင်းဆုံးကိုင်တွယ်ဖြေရှင်းခဲ့ပြီး အာဏာလွှဲပြောင်းရေးကိုချောမွေ့အောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြင်ဆင်ချိန် ၄နှစ် ၇လရခဲ့ပြီး UEC အနေနဲ့ ပြင်ဆင်မှုတွေလုပ်ရာမှာစနစ်မကျခဲ့ကြောင်း၊ နိုင်ငံရေးပါတီတွေရဲ့အသံနဲ့တောင်းဆိုမှုတွေကို လျစ်လျုရှုခဲ့ကြောင်း၊ စောင့်ကြည့်လေ့လာခွင့်နဲ့ကြိုတင်မဲပွင့်လင်းမြင်သာမှုမရှိခဲ့ကြောင်းတွေကိုလည်း ဦးခင်ရီက ပြည်ခိုင်ဖြိုးပါတီရဲ့ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ထောက်ပြခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့အစောပိုင်းရှင်းလင်းချက်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရဲစခန်းကို တိုင်ကြားမှု ၁၂၆မှု၊ ရွေးကောက်ပွဲကော်မရှင်ကိုတိုင်ကြားထားတဲ့အမှု ၁,၀၄၂မှုရှိတယ်လို့ပြောခဲ့ပြီး ရန်ကုန်တိုင်းအတွင်းက လှည်းကူး၊ ဆိပ်ကြီးခနောင်တို၊ ကျောက်တန်း၊ လသာမြို့နယ်တွေမှာမှတ်ပုံတင်မရှိဘဲမဲပေးခဲ့သူ ၆၃,၂၅၈ဦး၊ စာရင်းထပ်တာ ၂,၁၃၇ဦးရှိခဲ့တယ်လို့လည်းတင်ပြခဲ့ပါတယ်။

Credit:Duwun