တန်ဆောင်မုန်းလပြည့်ည(သူခိုးကြီးည)ဖြစ်ပေါ်လာပုံ နှင့် ယနေ့ခတ်လူငယ်တို့၏ မှားယွင်းသော အယူအဆများ

Posted on

မင်္ဂလာပါ ပရိသတ်ကြီးရေ အခုဖော်ပြပေးမှာကတော့ တန်ဆောင် မုန်း လပြည့်ည(သို့) သူခိုးကြီးည ဖြစ်ပေါ်လာပုံနဲ့ အမှန်စင်စစ် မသိသေးတဲ့သူများအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာပါ ပရိသတ်ကြီးရေ တန်ဆောင်မုန်း လပြည့်ညသည် သူခိုးညလုံးဝမဟုတ်ပါဘူး။ တန်ဆောင် မုန်းလပြည့်ညသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ် သလို မြတ်စွာဘုရားသည် အဇာတ သတ် ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကို ဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါ ပြည်သူ (၁) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ညကြီးဖြစ်ပါတယ်။ သူခိုးကြီးညဆိုပြီး ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာ ကြည့်ကြည့်လိုက်ရအောင်။

တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)

 

ရှေးလွန်လေပြီးသောအခါက ယောက်ျားသားများ ရှင်လိင်ပြန်ကြရာ၀ယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့ကြပါတယ်။ ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်၊ ကုန်သည် ၊ လယ်လုပ်အကုန်လုံး အစချီကာ သူရင်းငှားများ စသောလူယောက်ျား တို့သည်ဆေးမင်ထိုးကြလေသည်။ ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ပဲ ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ သေချာစွာ ထိုးရပါသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောက်ျားတို့သည် တန်ဆောင်မုန်းည နက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်း ဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိကြသည်။ ထို့ကြောင့် အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲထားနေကြဖြစ်၏။ ခိုးကွင်းဆိုတာကတော့ ခိုးရာပါပစ္စည်းကို ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းမှာ စာကပ်ပြီး ထားခဲ့ကြတာပါ။ အဲ့လိုခိုးတဲ့အခါ အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

 

ရှေးအခါက လူများသည် မိမိဆေးအစွမ်းကို စမ်း၍ နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနိုးအောင် ထမ်း၍ခိုးကွင်း ၌လာထားကြသည်။ မနက်မိုးလင်းသည့် အခါ ပိုင်ရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။ ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြပါသေးတယ်။

ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်း၀တ်စေတဲ့ ဓလေ့လည်းရှိခဲ့ပါတယ်။ ဒီဘက်ခေတ်ရောက်လာတဲ့အခါ တန်ဘိုးရှိပစ္စည်းတွေကို သူခိုးကြီးည အကြောင်းပြကာ တကယ်ခိုးလာကြပြီး လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာ မရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ်တွေ ဖြုတ်ချ ၊ အရက် ဘီယာ အစားအသောက်တွေ ပလူပျံအောင် ပြန့်ကျဲနေကျနဲ့ အပျော်ကနေ အပျက်ဘက်ကို ဦးတည်လာကြပါတယ်။

တစ်ကယ်တော့ တန်ဆောင်မုန်းလပြည့်ညဟာ သူခိုးကြီးည မဟုတ်ပါဘူး။ အမှန်တရားကိုသိစေ ချင်၍ရည်ရွယ်ချက်ဖြင့် အမှားကိုဆက်၍မလုပ်မိစေရန် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။မူရင်းရေးသားသူ နာမည်မသိသောကြောင့် မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည် ခင်ဗျာ။
Credit :မူရင်းရေးသားသူ