ယူဂန်ဒါနိုင်ငံမှာ ဗုဒ္ဓဘာသာ အယူဝါဒကို သာသနာပြုနေသော သာသနာ့အာဇာနည် ဆရာတော်အရှင်ဗုဒ္ဓရက္ခိတ

Posted on

ယူဂန်ဒါနိုင်ငံမှာ ဗုဒ္ဓဘာသာ အယူဝါဒကို သာသနာပြုနေသော သာသနာ့အာဇာနည် ဆရာတော်အရှင်ဗုဒ္ဓရက္ခိတဆရာတော်ရဲ့ ငယ်အမည်က စတီဗင်။အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven(စတီဗင်) ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ်ဘာသာဆိုပြီးဘာသာ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှအိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းခဲ့ဖူးကြောင်းနာမည်လောက်သာ ကြားဖူးခဲ့သူပါ။

နောက်ပိုင်းမှာသူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြား ပညာသင် သွားခဲ့ပါတယ်။အဲ့ဒီမှာထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်လေ့လာခွင့်ရခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။

သူဟာလောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့နောက်မှာလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး မိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။မိသားစုနဲ့ ဆွေမျိုးတွေကသူ့ကို ခရီးဆောင် အိတ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေးသမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာ စာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာသုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတယ်။အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြသေးတယ်။ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာသူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာဆရာ မရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ပိုမိုပြည့်စုံတဲ့ အမှန်တရားကို ရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။Tathagata Meditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။

TMC စင်တာကပဲ ဗီယက်နမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ကျေးဇူးနဲ့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်ပြန်ပို့ပေးသောGod(ဘုရားသခင်)ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာလုံးဝမရှိကြောင်းကောင်းကောင်း နားလည်နေတယ်။

ဒါပေမဲ့ အမေဖြစ်သူ စိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာ ကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်အားထုတ်ရတယ်။ အမေရိကန်နိုင်ငံTMCစင်တာမှ ဆရာတော်ဘုရားကြီးတွေကျေးဇူးနဲ့ယူဂန်ဒါနိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာစင်တာတစ်ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစအရာရာမှာ နားမလည်သူတွေများလို့ အခက်အခဲအမျိုးမျိုး တွေ့ရပါတယ်။

ွမန်မာပြည်ကပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ် ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ ထင်သူတွေ၊သပိတ်ကိုဗုံးထင်သူတွေ၊ဘောလုံးထင်သူတွေဝတ်စားဆင်ယင်မှုကိုကြည့်ပြီးတိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေရှိခဲ့ပါတယ်။ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါခြေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင်ဆွမ်းလှူဖို့ သဒ္ဒါတရားတွေဖြစ်လာကြပါတယ်။အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာနေထိုင်နေကြတဲ့ထိုင်းမိသားစုတွေ၊သိရီလင်္ကာမိသားစုတွေရဲ့လိပ်စာကို ရခဲ့ပါတယ်။မယ်တော်ကြီးကိုပါ အတူတကွအဆိုပါ မိသားစုတွေဆီကိုကြွခဲ့ပါတယ်။ထိုင်းလူမျိုးတွေ စုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကိုရောက်ခဲ့ပါတယ်။ထေရဝါဒပုံစံစနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာဆွမ်းကိုလည်း လောင်းလှူကြ ရိုသေစွာရှိခိုးကန်တော့ကြတာ တွေ့တော့ မယ်တော်ကြီးကအလွန်တရာ အံ့သြခဲ့ပါတယ်။သီရိလင်္ကာလူမျိုးကလည်းစက်ရုံတစ်ခုရဲ့ပိုင်ရှင်အရပ်မြင့်မြင့်လူကြီးလူကောင်း တစ်ယောက်ပါ။

ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပါတယ်။အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့စိတ်ခံစားမှု သဒ္ဓါတရားကို မြင်လို့ ဆရာတော်ကလက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကိုတာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။အိမ်ကိုပြန်ရောက်တော့တစ်ချိန်တုန်းကခရစ်ယာန် ဘာသာဝင်ဖြစ်ခဲ့ပြီးလောလောဆယ်အနေအားဖြင့် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သောမယ်တော်ကြီဟာ ဗုဒ္ဓ၏ဆင်းတုတော်ရဲ့တင့်တယ်လှတဲ့ရူပကာယတော်ကိုကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကိုလေ့လာ လိုကြောင်းသားရဟန်းပြောပါတယ်။

သားဖြစ်သူက တရားဓမ္မတွေ ဟောပြလို့ မယ်တော်၊နှမတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သောယူဂန်ဒါ နိုင်ငံသားတွေဟာသရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကိုတည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။အခုတော့အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ The Pearl of Africa မှာ ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။ဆရာတော်၏ပြောပြချက်အရ အာဖရိကမှာ ဆရာတော်၏ စွမ်းဆောင်မူကြောင့်ထေရဝါဒဗုဒ္ဓဘာသာဝင်လူဦးရေလေးဆယ်ကျော် ရှိသွားပြီဖြစ်ကြောင်းသိခဲ့ရပါသည်။

သကျပုတ္တိယ အရှင်အရိယာလင်္ကာရ CopyFrom-အယူဝါဒများနှင့်စစ်မှန်သောတရား