၂၂ ကြိမ်မြောက် သိန်းတစ်သောင်းခွဲ အောင်ဘာလေ ထီဆုကြီးအား ပဲခူးမြို့ရှိ လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်မှ ဆွတ်ခူး

Posted on

၂၂ ကြိမ်မြောက် သိန်းတစ်သောင်းခွဲ အောင်ဘာလေ ထီဆုကြီးအား ပဲခူးမြို့ရှိ လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်မှ ဆွတ်ခူးဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်သော ၂၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ၌ သိန်းတစ်သောင်းခွဲဆုအား ပဲခူးမြို့ရှိ EASY လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးစိုးဦးနှင့် ဒေါ်လေးကျင်တို့မှ ဆွတ်ခူးသွားကြောင်း သိရသည်။

ပဲခူးမြို့ ကျောက်ဖူးကုန်းရပ်ကွက် သနပ်ပင်လမ်းမတန်းတွင် နေထိုင်သော ဦးစိုးဦးနှင့် ဒေါ်လေးကျင်တို့တွင် သားသမီး လေးဦးနှင့် ချွေးမတစ်ဦး ရှိကြပြီး ဇနီးမောင်နှံ နှစ်ဦးလုံးမှာ လစဉ်ထီထိုးကြကာ လစဉ်အနည်းဆုံး ငါးသောင်းဆုအထိ ပေါက်လေ့ရှိ၍ ယခုသိန်းတစ်သောင်းခွဲဆုမှာ ဒေါ်လေးကျင်ထိုးသော ထီလက်မှတ်မှ ဆွတ်ခူးခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်လေးကျင်မှာ နေ့စဉ် တရားထိုင်ခြင်း၊ အဓိဌာန်ဝင်ခြင်းများ ပြုလုပ်လေ့ရှိပြီး ကျောင်းဆောက်လုပ်လှူဒါန်းရန် ရည်ရွယ်ချက်ရှိနေပြီး အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသော မိသားစုဖြစ်ကြောင်း သိရသည်။ဦးစိုးဦးနှင့် ဒေါ်လေးကျင်တို့ EASY လယ်ယာသုံး စက်ပစ္စည်းအရောင်းဆိုင်မှာ COVID ကာလ အကျပ်အတည်းများကြောင့် လွန်ခဲ့သော နှစ်လခန့်တွင် လယ်ယာသုံးစက်ပစ္စည်းဖိုး ကျန်ရှိသော လယ်သမားများအား စက်ပစ္စည်းဖိုးများ ပေးချေရန်မလိုပဲ ဖြေလျော့လိုက်ပြီဖြစ်ကြောင်းနှင့် နောက်ထပ် ဝယ်ယူအားပေးနိုင်ကြောင်း အွန်လိုင်းမှကြေငြာပေးခဲ့ကြောင်း သိရသည်။

“နေ့တိုင်း ဘုရားရှိခိုးပြီး တရားထိုင်ပါတယ်၊ သစ်တံခါးဆရာတော်ကြီးရဲ့ လမ်းညွှန်ချက်ကိုခံယူပြီး အဓိဋ္ဌာန်ဝင်ပါတယ်၊ ကျောင်းဆောက်လှူဒါန်းဖို့ ရည်ရွယ်ထားတာ ရှိပါတယ်၊ ဘာတွေလှူမယ်လို့တော့ ကြိုမပြောတတ်သေးဘူး၊ အလှူတွေ ပိုလုပ်သွားမယ် အရင်ကလည်း အမြဲတမ်း အလှူအတန်း လုပ်နေကြပါ၊ ထပ်တိုးလုပ်မယ်ပေါ့၊ ထီက အမြဲတမ်းလစဉ် နှစ်သိန်းဖိုး သုံးသိန်းဖိုး ထိုးပါတယ်၊ လစဉ်အနည်းဆုံး ငါးသောင်းဆုတော့ ပေါက်တယ်၊ ဒီလလည်း ငါးသောင်းဆု နှစ်သိန်းဖိုးလောက် ပါသေးတယ် “ဟု ဒေါ်လေးကျင်က ပြောကြားသည်။“ပေါက်တာ ကျွန်မဆိုင်ကပါ၊ ကျွန်မက ဝေါကနေ တစ်ဆင့်ယူရောင်းတာပါ၊ ဝေါဆိုင်ကလည်း မိုးယံရွှေလမင်းနဲ့မြတ်ဆုကုဋေက တစ်ဆင့်ဆိုတော့ မိုးယံလက်ခွဲကပါ၊ အရင်လတွေကလည်း ငါးသောင်းဆုတွေ ကျွန်မဆိုင်က အမြဲပေါက်တယ်၊ အခု အကြီးဆုံး သိန်းတစ်သောင်းခွဲဆု ဆိုတော့ အတိုင်းမသိ ဝမ်းသာတာပေါ့”ဟု ယမင်းရွှေထီဆိုင်ပိုင်ရှင် မယမင်းမှ ပြောကြားသည်။

၂၂ ကြိမ်မြောက် သိန်းပေါင်း တစ်သောင်းခွဲဆုကြီးအား သိန်းတစ်သောင်းခွဲ ထီဆုရှင် ဒေါ်လေးကျင်၏ EASY လယ်ယာသုံး စက်ပစ္စည်းဆိုင်၏ ခြေရင်းရှိ ယမင်းရွှေထီဆိုင်ငယ်လေးမှ ဆွတ်ခူးသွားခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Meida