ကမ္ဘာကျော် အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ် ကို တက်ခွင့်ရခဲ့တဲ့ မြန်မာနိုင်ငံသား ဗိုလ်အောင်မိုး

Posted on

ကမ္ဘာကျော် အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ် ကို တက်ခွင့်ရခဲ့တဲ့ မြန်မာနိုင်ငံသား ဗိုလ်အောင်မိုး

အိန္ဒိယ အရှေ့မြောက်၊ မြန်မာ တမူးနယ်စပ် ပြည်နယ်တခု ဖြစ်တဲ့မဏိပူရ အင်ဖားမြို့က လန်ဖဲဆေးရုံမှာမြန်မာမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ကလေးပါ ၊ နာမည်က အောင်မိုး တဲ့။ဖခင်က 8888 ဒီမိုကရေစီတိုင်ပွဲဝင်ကျောင်းသား၊ မုံရွာသား နာမည်ကကျော်သူရ။ တမူးနယ်စပ်ရှိ မိုးရေးမြို့မှာနေထိုင်ပြီး ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရင်းတတ်နိုင်သမျှ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ တာဝန်ကျေခဲ့တယ်။

အဲဒီ မိုးရေးမှာဘဲ ဌေးမာနဲ့ မေတ္တာမျှပြီးအိမ်ထောင်ပြုခဲ့တယ်။ သား၊သမီး နှစ်ယောက်ထွန်းကားခဲ့ပြီး မိုးရေးမှာ လုံခြုံရေးမကောင်းတာကြောင့် နယူးဒေလီမြို့တော်ပြောင်းရွှေ့ကာ ဒုက္ခသည်အဖြစ်လျှောက်ထားပြီး နိုင်ငံရေးလှုပ်ရှားမှုတွေဆက်လုပ်ခဲ့တယ်။ဒုက္ခသည်အထောက်အပံ့တွေကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဖြတ်တောက်လိုက်တာကြောင့် ဒုက္ခသည်တွေ ရပ်တည်ရေးအတွက် အခက်အခဲကြုံကြရတယ်။

လူဦးရေများပြီး ဆင်းရဲသား များပြားလှတဲ့ နယူးဒေလီမြို့တော်မှာ အလုပ်မရနိုင်တာကြောင့် ရှစ်လေးလုံး တိုက်ပွဲဝင်များအနေနဲ့ ကုလသမဂ္ဂက စီစဉ်တဲ့တတိယနိုင်ငံကို အခြေချဖို့ အစီအစဉ်တွေ လက်မခံလိုပေမယ့် လက်ခံလိုက်ကြရတယ်။ဒီမိုအင်အားစုတွေ ကမ္ဘာ့နိုင်ငံအသီးသီးပြန့်နှံ့ရောက်ရှိသွားကြရာ အောင်မိုးတို့ မိသားစုက အမေရိကားရောက်သွားကြတယ်။အမေရိကားမှာ မိဘတွေက အလုပ်ရှာပြီး အလုပ် လုပ်။ ကလေးတွေက ကျောင်းတက်။

ဒီလိုနဲ့ အထက်တန်းအောင်တော့ဘဝရှေ့ဆက်ဖို့ အရေး စဉ်းစားပြီးအောင်မိုး ရွေးချယ်တာက နယူးယောက်မြို့အနီးရှိတဲ့ ကမ္ဘာကျော် ဝက်စပွိုင့်စစ်တက္ကသိုလ်။ဒီစစ်တက္ကသိုလ်က မြန်မာနိုင်ငံက မေမြို့ စစ်တက္ကသိုလ်လို မိဘက နိုင်ငံရေးနောက်ခံ ကင်း မကင်း မကြည့်ဘူး။ သူတို့ကြည့်တာက အရည်အချင်း။ဒါကြောင့် အထက်တန်းပြီးထားတဲ့ ရမှတ်တွေကြည့်တယ်။ နောက် သတ်မှတ်ချက်က နိုင်ငံသားဖြစ်ရမယ်။

ကွန်မြူနစ်မဖြစ်ရဘူး ဒါကတော့ ဒီမိုကရေစီနိုင်ငံတော်ကိုး၊ အသက် (၁၉) နဲ့ (၂၃) နှစ် ကြားဖြစ်ရမယ်။ မြန်မာနိုင်ငံမှာ ဆိုအောင်မိုးအဖို့ စစ်တက္ကသိုလ်တက်ရောက်ဖို့ လုံးဝမဖြစ်နိုင်သလိုလက်ခံမှာလဲ မဟုတ်ဘူး၊ ဖခင်က တော်လှန်ရေးကျောင်းသား ဖြစ်နေတာကိုး။အောင်မိုး တို့ ဝက်စပွိုင့် မှာ နှစ်စဉ် လျှောက်ထားတဲ့ကျောင်းသားက တသောင်းကျော်ရှိတယ်။

တစ်ထောင်ကျော်လောက်ဘဲရွေးတာ။ အဲဒီအထဲ အောင်မိုး ပါဝင်ပြီး အရွေးခံခဲ့ရတာ။ သူ့ကိုအင်တာဗျူးတော့ တခုလိုနေတာ သူက နိုင်ငံသား လျှောက်ထားဆဲလို့ပြောတော့အင်တာဗျူးတဲ့ပုဂ္ဂိုလ်က သဘောကျလို့ လက်ခံထားပြီး ပြန်လွှတ်လိုက်တယ်။နောက်တနေ့ နိုင်ငံသားလျှောက်ထား တဲ့ရုံးက ဖုန်းဆက်ခေါ်ပြီး နိုင်ငံသား အသိအမှတ်ပြု လက်မှတ်လာယူပါဆိုပြီး လက်မှတ်ခေါ်ပေးလိုက်တယ်။သူ့အရည်အချင်းကို ဦးစားပေးလိုက် တာ။ နိုင်ငံသားဖြစ်ခွင့် စာမေးပွဲတောင်မဖြေလိုက်ရဘူး။

ဒီလိုနဲ့ ဝက်စပွိုင့် စစ်တက္ကသိုလ်ကျောင်းသား အောင်မိုး ဖြစ်သွားတယ်။ ကျောင်းက အဆောင်မှာနေ၊ အဆောင်မှာအိပ် သင်တန်းတက်ပေါ့။မိဘ ကတပြားမှထောက်ပံ့စရာမလိုဘူး။ယူနီဖောင်း ၊ ကျောင်းဝတ်စုံအမျိုးမျိုးအပြင်စာသင်ဖို့ လက်ပတော့ကွန်ပြူတာ တလုံးနဲ့ အိုင်ပက်တလုံးတောင်ပေးတယ်၊ပထမနှစ်မှာ ကျောင်းသားတွေကို ပေါ့ကတ်မန်းနီး (စတိုင်ပင်) တလကို (၁၅၀)ထောက်ပံ့တယ်၊ နောက် ဒုတိယနှစ်ရောက် တော့ (250) ။ တတိယနှစ် ရောက်တော့-(၄၅၀) နောက်ဆုံးနှစ်ရောက်တဲ့အခါ တလ (550) ထောက်ပံ့သတဲ့။

ဘရိတ်ဖတ် နေ့လည်စာနဲ့ ညစာ ကျောင်းကကျွေးတာ။ မြန်မာနိုင်ငံ မေမြို့ စစ်တက္ကသိုလ်နဲ့မယှဉ်ချင်ပါဘူး။ မြန်မာနိုင်ငံက ဆင်းရဲလို့မထောက်ပံ့နိုင်တာ နားလည်တယ်။နားမလည်နိုင်တာက စီနီယာက ဂျူနီယာကို အနိုင်ကျင့် နှိပ်စက်တဲ့ကိစ္စ။ ဝက်စပွိုင့်မှာတော့ ဆရာကကျောင်းသားကို ပါးရိုက်လို့မရဘူး။ဒဏ်ပေးရင်တောင် လေ့ကျင့်ခန်းပိုလုပ်ခိုင်းတာလောက်ဘဲလို့ဆိုတယ်။

တခါတရံ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာ အောင်မိုးကတက္ကသိုလ်ကနေ မိဘတွေရှိတဲ့ နယူးယောက်မြို့တော်ကိုပြန်တဲ့အခါ ယူနီဖေါင်းနဲ့ ပြန်မိရာ ရထားပေါ်မှာလူတချို့က အရိုအသေပေးအလေးပြုကြတာနဲ့ ပတ်သတ်လို့ ဘာလို့အလေးပြုတာလဲ၊အလေးမပြုပါနဲ့ လို့ပြောတော့မင်းက ဒို့ကို အကာအကွယ်ပေးမယ့်လူဖြစ်လို့အလေးပြုတာလို့ ပြောသတဲ့။ ကျနော်က ခင်ဗျားတို့အတွက်ဘာမှမလုပ်ပေးနိုင်သေးဘူး အလေးမပြုပါနဲ့ လို့ မနည်းတောင်းပန်ရသတဲ့။

တခါမှာတော့ စစ်ပြန်တယောက်ကရထားပေါ်မှာ သူ့အိပ်ထဲက ပိုက်ဆံတွေ တထပ်ကြီးဆွဲထုတ်လိုက်ပြီး အောင်မိုး ကိုပေးသတဲ့ ။ငါလဲ စစ်သားဟောင်းပါ မင်းကိုဂုဏ်ပြုတာ ယူပါလို့ အတင်းထိုးပေးလို့ရိုးသားပြီး အခွင့်အရေး မယူတတ်တဲ့ အောင်မိုး ကအတင်းငြင်းဆိုပြီးမယူပါရစေနဲ့ ။ကျနော့်မှာ ကျောင်းကလုံလောက်အောင် ထောက်ပံ့ပေးပါတယ်လို့ ပြောပြလိုက်ရတယ်။

အဲဒီအချိန်ကစပြီး နောက်ပိုင်းကျောင်းပိတ်ရက် အိမ်ပြန်ရင် အောင်မိုးက ယူနီဖေါင်းနဲ့ မပြန်တော့ဘဲ အရပ်ဝတ်နဲ့ ပြန်တော့တယ်။ဂျွန်လ 13 ရက် 2020 မှာတော့ဝက်စပွိုင့်စစ်တက္ကသိုလ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းပြီးဖြစ်တာကြောင့် အောင်မိုး မှသည် ဒု ဗိုလ်အောင်မိုးဖြစ်လာ ပါကြာင်းဂုဏ်ပြုမှတ်တမ်း ရေးဖွဲ့ပြီး ဂုဏ်ပြုလိုက်ပါတယ်။

Source: Min Nya