ကမ္ဘာ့ဘောလုံးပရိသတ်ကြားမှာ အလွန်ရေပန်းစားနေတဲ့ မြန်မာပြည်တွင်းကဓာတ်ပုံတစ်ပုံ

Posted on

ကမ္ဘာ့ဘောလုံးပရိသတ်ကြားမှာ အလွန်ရေပန်းစားနေတဲ့ မြန်မာပြည်တွင်းကဓာတ်ပုံတစ်ပုံကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ဘောလုံးအားကစားနည်းကို အလွန်အမင်းရူးသွပ်ခုံမင်လွန်းကြသူတွေ ဖြစ်ကြပါတယ်။ ကိုယ်နဲ့ လုံးဝလားလားမှ မသက်ဆိုင်တဲ့ အနောက်ကမ္ဘာက ဘောလုံးပွဲတွေကို အချိန်ကုန်ခံ၊ အိပ်ရေးပျက်ခံပြီး အလွန်အမင်း ရူးသွပ်ခုံမင် အားပေးနေရတာကို ကြည့်ရင် မြန်မာလူမျိုးတွေရဲ့ ဘောလုံးအပေါ် ရူးသွပ်မှုကို တွေ့ရမှာပါ။ဒါတင်မဟုတ်သေးပါဘူး။ မြန်မာ့လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေမှာတော့ မြန်မာလူမျိုးတွေဟာ ဘောလုံးကို အလွန်ရူးသွပ်သူတွေဖြစ်တယ်ဆိုတာကို အထင်းသားတွေ့မြင်ရမှာပါ။ အသက်အရွယ်မရွေး၊ ဘောလုံးအကြောင်းကို တစ်လုံးမှ မသိသူတွေတောင် မြန်မာဆိုတာနဲ့ ဝက်ဝက်ကွဲအားပေးကြပါတယ်။ငယ်စဉ်တုန်းက လူကြီးတွေ ဘယ်လောက်ပဲပိတ်ပင်ပိတ်ပင် ကျွန်တော်တို့ဟာ ဘောလုံး မရမက ခိုးကန်ခဲ့ကြပါတယ်။ အိမ်ကလူကြီးတွေ၊ ကျောင်းက ဆရာတွေဟာ ကျွန်တော်တို့ရဲ့ဘောလုံးအပေါ် ချစ်ခင်မှုကို လုံးဝမတားဆီးနိုင်ခဲ့ကြပါဘူး။

အခုအခါမှာတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ဘောလုံးအပေါ်ချစ်ခင်မှုကို ကမ္ဘာက အသိအမှတ်ပြုခဲ့ပြီလို့ဆိုရမှာပါ။ ကမ္ဘာကျော် ဘောလုံးသတင်းဋ္ဌာန Bleacher Report Football က သူတို့ရဲ့တရားဝင် Facebook ကနေ မြန်မာလူငယ်ကလေးတွေ မိုးတွေသဲကြီးမဲကြီးရွနေတဲ့ကြားက ဘောလုံးအားတက်သရောကန်နေကြတဲ့ပုံကို တင်ခဲ့ပါတယ်။“ရာသီဥတုဘယ်လိုပဲဖြစ်နေပါစေ။ ဘောလုံးက ပထမပဲ”ဆိုတဲ့စာသားနဲ့အတူ မြန်မာအလံကိုပါ ထည့်သွင်းခဲ့တာပါ။ Bleacher Report Football ရဲ့အဲဒီဓာတ်ပုံဟာ အထူးသဖြင့် မြန်မာပရိသတ်တွေကြား အလွန်ရေပန်းစားခဲ့ပြီး ပြန်လည်မျှဝေသူများပြားခဲ့ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံကပရိသတ်တွေကပါ မြန်မာတွေရဲ့ဘောလုံးအားကစား ချစ်မြတ်နိုးပုံကို မှတ်ချက်ပြုချီးကျူးခဲ့ကြပါတယ်။